အံ့ဖွယ်ကိုးရပ်
စေတီတော်ကြီးနှင့် ပက်သက်၍ မြန်မာတို့ အစဉ်အလာအလေးအနက်ပြောဆိုကြသော အံ့ဖွယ်ကိုးရပ်ကို ရတနာပုံခေတ် ကင်းဝန်မင်းကြီး(ခရစ် ၁၈၂၂-၁၉၀၈)က သိမှတ်ဖွယ်စာစပ်၍ သပိတ်ကြီးတွင် ရေးထိုးခဲ့သည်။ ရင်ပြင်တော်မြောက်ဘက် နံ့ပေါင်းမဉ္ဇူဘုရား ဇရပ်(ညွှန်းမှ-၃၁)တွင် ရှိသည်။
“(၁) သံမဆိုင်း၊ (၂) တံတိုင်းတဲ့ရိပ်တည်၊ (၃) မလွှင့်ရွှေလောင်ပ၊ (၄) ရာသောင်းထောင်၀င် မကျပ်တဲ့ပြင်၊ (၅) ဆွမ်းကပ်သူ လက်မဦးနိုင်ဘု၊ (၆) မကူးသံကြာဟည်း၊ တီးတဲ့ရွှေစည်၊ (၇) မြင့်ဝှမ်းယောင်ထင်စနိုးပေပ၊ (၈) မိုးကပ်ပြုရေအရည်၊ အတီမျှမကြွင်း၊ (၉) ဒွါဒသင်ချယားပင်၊ ခါမလင့်ပေဘူး၊ ငုံပွင့်ကာကြူထုံလို့ ၊ ဇေယျာခုံ အံ့ဖွယ်ကိုးကိုလ၊ တိုးခဝပ်ဆင်း”ဟူ၏။ အနက်အဓိပ္ပာယ်မှာ (၁) ထီးတော်တွင် သံမဆိုင်းခြင်း၊ (၂) ရွှေလှောင်စက္ကူအပေါ်မှ လွှင့်ချလိုက်ပါက အပြင်သို့ လွင့်မသွားခြင်း၊ (၃) စေတီတော်ကြီး၏ အရိပ်သည် မည်သည့်အခါမျှ တံတိုင်းအပြင်ဘက်သို့ မထွက်ခြင်း၊ (၄) ဘုရားဖူး ရာထောင်သောင်း၀င်သည့်တိုင် မကျပ်၊ (၅) အမြဲဆွမ်းဦးကပ်သူရှိနေခြင်း၊ (၆) စေတီတော်ကြီးတစ်ဘက်မှ စည်တီးသံပင် တစ်ဘက်သို့ အသံမကူး၊ (၇) ကုန်းမြင့်၌ တည်ထားသည်ဟုထင်ရ၊ (၈) မိုးမည်မျှရွာသည်ဖြစ်စေ ရင်ပြင်တော်တွင် ရေတင်မကျန်ရစ်၊ (၉) တစ်နှစ်လုံးပွင့်သောချရားပင်၊ ခရေပင်များရှိသည်။ ဖော်ပြပါ အံ့ကိုးပါးသာမကခိုင်ခံ့မှုလည်းရှိလှသည်။
ကြေးဂူတိုက်(၄)တိုက်တွင်းမှရပ်တော်မူရုပ်ပွားတော်မြတ် (၄)ဆူ

အရှေ့ဘက်ကြေးကူတိုက်ကကုသန်ဘုရား

တောင်ဘက်ကြေးကူတိုက်ဂေါဏဂုံဘုရား


အနောက်ဘက်ကြေးကူတိုက်ကဿပဘုရား
မြောက်ဘက်ကြေးကူတိုက်ဂေါတမဘုရား
စေတီတော်ကြီး၏ ရင်ပြင်တော်လေးဘက်တွင် ပုဂံခေတ် ကွမ်းတောင်အထွတ်ဖြင့် ကြေးဂူတိုက် ( ၄) တိုက်ရှိသည်။ ထိုအထဲ၌ ဉာဏ်တော် (၁၂) ပေရှိ ရပ်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ် (၄) ဆူရှိသည်။ ပွင့်တော်မူပြီးသော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ၊ ဘုရားလေးဆူကိုညွှန်း၍ တည်ထားခဲ့သည်။ ပုဂံခေတ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဟန် ပီသတင့်တယ်၍ အနုပညာအားဖြင့်လည်း ကြေးသွန်းထားသည် မဟုတ်မူဘဲ ကြေးပြားများကို အတွင်းမှ ဖောင်းထုတ် ပုံဖော်စေသည်။ “ကြေးခတ်နည်း”လက်ရာကောင်းဖြစ်သည်။
ကျန်စစ်မင်းတရား၏နန်းတက်အမိန့်တော်ပြန်တမ်းကျောက်စာတိုင်ကြီး ( ၂ )တိုင်


အရှေ့ဘက်မုခ် ခြင်္သေ့ကြီးများ ရှေ့အဝင်လမ်း၊ ဝဲယာတွင် ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသော သမိုင်းဝင်ကျောက်စာတိုင်ကြီး (၂)တိုင်ရှိသည်။ သမိုင်းသုတေသီပညာရှင်များ အထူးအလေးထားရသော ကျန်စစ်မင်းတရားကြီး၏ နန်းတက် အမိန့်တော်ပြန်တမ်းကြီးဖြစ်သည်။ အကြောင်းအရာများတွင် မင်းတရားကြီးသည် ဘုရားဗျာဒိတ်တော်ရ မင်းဖြစ်ကြောင်းနှင့် တိုင်းသူပြည်သားများအပေါ် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာမှုကိုဖြစ်စေမည့် ကြင်နာသောအုပ်ချုပ်မှုဖြင့် အုပ်ချုပ်မည့်အကြောင်းများကို အလွန်သိမ်မွေ့သော ဥပမာများဖြင့် ရေးထိုးခဲ့သည်မှာ မင်းတရားကြီး၏ စိတ်စေတနာကို ပေါ်လွင်စေခဲ့သည်။
ငါးရာ့ငါးဆယ်ဇာတ်ကွက် စဉ့်ကွင်းများ

မူလ ပုဂံခေတ်လက်ရာများပင်ဖြစ်သည်။ ပထမပစ္စယံတွင် ( ၂၁၆) ခု၊ ဒုတိယပစ္စယံတွင် ( ၂၀၀ ) ခု၊ တတိယပစ္စယံတွင် ( ၁၆၈ )ခုစုစုပေါင်း ( ၅၈၄ ) ခုရှိသည်။
ပုဂံခေတ်ခြေတော်ရာ

ယခုအခါရင်ပြင်တော် (မြို့တော်သုံးဆေးလိပ်ခုံ-ညွှန်းမှတ်-၁၅) အုတ်ဇရပ်အတွင်း၌ ရောက်ရှိနေသည်။ အခြား ကုန်းဘောင်ခေတ်ဦး ကျောက်ဆစ် ခြေတော်ရာတစ်ဆူမှာ အနောက်မြောက်ထောင့်အုတ်ဇရပ် ဦးစံရွှေတိုက်( ညွှန်းမှတ် -၂၀ ) အတွင်း၌ရှိသည်။
သစ်သားပန်းပုသိကြားရုပ်

ပုဂံခေတ် သစ်သားပန်းပုလက်ရာကား ရှားရှားပါးပါးရှိလှသည်။ ပုဂံခေတ် ဆင်ယင်ထုံးဖွဲ့မှု အနုစိတ်အပြည့်အစုံဖြင့် လက်ရာကောင်း သိကြားရုပ်ကို ရှားရှားပါးပါး ရွှေစည်းခုံရင်ပြင်တော်ပေါ်တွင် (ယခုအခါအုတ်ဇရပ်- ညွှန်းမှတ်-၃၉အတွင်း) တွေ့မြင်နိုင်သည်။ ဘိုးတော်ကြီးပုံတူဟုဆိုကာ ပူဇော်မှုပြုလျက်ရှိကြသည်။
သစ်သားပန်းပုတံခါးရွက်ကြီး

မူလနေရာမှာ ကြေးဂူတိုက်မှ တံခါးဖြစ်မည်ဟု မှန်းဆကြသည်။ တံခါးရွက်ကြီးတွင် လေးထောင့်ကွက်များအတွင်း ပုဂံခေတ် တီးသူ၊ မှုတ်သူ၊ ကသူပုံများပါရှိ၍ သုံးထောင့်ကွက်များအတွင်း ပုဂံခေတ် ကနုတ်ပန်းများဖြင့် တန်ဆာဆင်ထားသည်။
ပန္နက်သဲဂူ၊ အုတ်ဇလားဂူ

မူလစေတီတော်ကြီးမတည်မီ ပန္နက်စိုက်ရာ၌ အခြေပြုခဲ့သော ဂူ(၄) လုံးရှိခဲ့ရာ ယခုအခါ စေတီတော်ကြီး၏ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် (၂) ဂူသာရှိတော့သည်။ ပုံတော်သည် အောက်ခြေမှ အပေါ်သို့ကားကာ ဆန်းသောပုံ ဖြစ်၍နေသည်။ ရှေးက စပ်ပန်းချီဆရာများက ဤပုံစံကိုမှီးကာ၊ ဘုန်းကြီးပျံ တလားကြီးများ ပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
ဘုရင့်နောင်မင်းကြီး၏ ခေါင်းလောင်းကြီးနှင့် ကမ္ပည်းစာ

အရှေ့ဘက်စောင်းတန်း အဝင်အနီး၊ မူလအုတ်ခုံပေါ်တွင် ရှေးဟောင်းသုတေသနဌာနမှ ခေါင်းလောင်းရုံ ဆောက်လုပ်၍ထားသည်။ အတွင်း၌ ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းကြီး (ခရစ် ၁၅၁၅ – ၁၅၈၁) ၏ ကုသိုလ်တော် ခေါင်းလောင်းကြီးရှိသည်။ မွန်၊ မြန်မာ၊ ပါဠိ သုံးဘာသာဖြင့် ကမ္ပည်းရေးထိုးထားသည်။ ကောဇာသက္ကရာဇ် ၉၂၉ ဟု ဖော်ပြထားသည့်အတွက် ယခုမှသည် နှစ်ပေါင်း (၄၃၀) ကျော်ခဲ့ပြီဖြစ်သည်။ အဆိုပါ ခေါင်းလောင်းစာ၌ ခရစ် ၁၅၅၇ ခုနှစ်တွင် ဘုရင့်နောင်မင်းကြီးသည် ရွှေစည်းခုံစေတီတော်ကြီးကို “အထွတ်မှသည် အောက်ခြေ ဖိနပ်တော်သို့တိုင်အောင် ရွှေအပြည့် ကပ်လှူတော်မူသဖြင့် အလွန် အရောင်အဝါ တောက်ပတော်မူ၏” ဟု ပါရှိသည်။ ထိုခေါင်းလောင်းပုံစံအတိုင်း အငယ်တစ်လုံးကို ရင်ပြင်တော်၏ အနောက်မြောက်ဘက် စောင်းတန်းကြီးအနီး၌ တွေ့ရှိနိုင်သည်။
ကုန်းဘောင်ခေတ် ဆင်ဖြူရှင်ကောင်းမှု ထီးတော်တင် မော်ကွန်းကျောက်စာ

ရင်ပြင်တော်၏ အရှေ့မြောက်ပိုင်းတွင် ကျောက်စာဂူ (ညွှန်းမှတ်-၁၁) နှင့်တကွ သမိုင်းဝင်ကျောက်စာ ရှိသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းတရား (ခရစ် ၁၇၆၃-၁၇၇၆)၏ ထီးတော်တင် မော်ကွန်းကျောက်စာ ဖြစ်သည်။ ၎င်း၏ အရှေ့ဘက်အနီးတွင် သမိုင်းဝင်ကျောက်စာ ၆-ချပ်ကို ရှေးဟောင်းသုတေသနမှ သစ်သားဖြင့် ကျောက်စာရုံ ဆောက်လုပ်၍ ထားရှိသည်။ နှစ်ကိုးရာကျော်သော စေတီတော်ကြီး၏ သမိုင်းတစ်လျှောက်တွင် ရှေးမင်းအဆက်ဆက်တို့၏ ကောင်းမှုများ၊ မှူးမတ်၊ သူဌေး သူကြွယ်တို့၏ ကုသိုလ်ကောင်းမှုများ၊ ရဟန်း ရှင် လူ အများပြည်သူတို့၏ ကောင်းမှုများဖြင့် ပြည့်လျက်နေသည်။ သမိုင်းဝင်နှင့် အနုပညာလက်ရာ ပေါင်းစုံလည်း စိတ်ဝင်စားဖွယ် ပေါများစွာ ရှိ၍နေသည်။ စေတီတော်ကြီး၏ ဝတက္ကမြေနှင့် ပရဝဏ်တော် ကျယ်ဝန်းသည်နှင့်အမျှ စေတီရံပေါင်းများစွာနှင့် အာရုံခံဇရပ်ပေါင်းများစွာ ရှိ၍နေသည်။ အချို့သော စေတီရံ၊ စေတီဟောင်းများတွင် ပုဂံခေတ်လက်ရာများ ဖြစ်သည့်အတိုင်း ပုဂံခေတ် နံရံပန်းချီလက်ရာများပင် ရှိ၍ အင်းဝခေတ် စေတီဟောင်းများတွင် အင်းဝခေတ် နံရံပန်းချီ ၊ နှောင်းခေတ် နံရံပန်းချီများပင် ရှိ၍နေသည်။ ရှေးကုသိုလ်ရှင်များလက်ထက် (ပုဂံခေတ်နှောင်းနှင့် နှောင်းခေတ်များ)က ကုသိုလ်ပြုခဲ့သော သိကြား၊ ဗြဟ္မာနှင့် အစောင့်နတ်ရုပ်များ၊ ခေတ်အဆက်ဆက် ခြင်္သေ့ရုပ်များ၊ ၃၇-မင်း နတ်ရုပ်များ စသည်လည်း ရှိသည်။ ရင်ပြင်တော်၏ အရှေ့မြောက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လှူဒါန်း၍ စိုက်ပျိုးထားသော ဗောဓိပင် ရှိသည်။
၃၇-မင်းနတ်နန်း
မြန်မာပြည်သူများအားလုံး (၃၇) မင်းနတ်ကို သိရှိကြပြီးဖြစ်ပါသည်။ ၎င်းတို့ကို ခွဲခြားပြီး အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ကို အများသိရှိပြီးဖြစ်ပါသည်။ အတွင်း (၃၇) မင်း ဆိုသည်မှာ ရွှေစည်းခုံစေတီတော်က အစပြု၍ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ စေတီတော်ကြီး၏ ပရိဝုဏ်အတွင်းရှိသောကြောင့် အတွင်း (၃၇) မင်း ဟုခေါ်ပါသည်။ အပြင်(၃၇) မင်း မှာ အများသိရှိသော နတ်များသာဖြစ်ပါသည်။ စေတီတော် ပရိဝုဏ်၏ အပြင်ဘက်တွင် တည်ရှိသောကြောင့် အပြင် (၃၇) မင်းဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။
အတွင်း( ၃၇ )မင်း
ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံစေတီတော်ကြီးတည်ထားပြီးသည့်နောက် စေတီတော်ကြီး စောင့်ရှောက် ရန် တိုင်းပြည်အတွင်းမှ နတ်များကို မင်းမိန့်ဖြင့်ခေါ်ယူခဲ့ပါသည်။ ရောက်လာသောနတ်များကို စေတီတော်ပရိဝုဏ်အတွင်း၌ နေရာမျိုးစုံတွင် စောင့်ကြပ်ရန်တာဝန်ပေးခဲ့ပါသည်။ နေရာအလိုက်တာဝန်ပေး ခဲ့သော နတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပွဲမင်းကြီး | ဖက်ပသင် = ရာဟုထောင့်မှာရှိသည်။ | မဟေသရ= စနေထောင့်မှာရှိသည်။ |
ရွှေညိုသင်း(အဘ) | မြင်းဖြူရှင် = တနင်္ဂနွေထောင့်မှာရှိသည်။ | ရွှေပြည်သင်း= မြောက်မျက်နှာမှာရှိသည်။ |
ရွှေစကား(သား) | ဓတရဌ = ဘုရားကြီးအရှေ့လက်မုခ်မှာရှိသည်။ | ရွှေသက်စိုး |
ဘိုးတော်သကြား | ဝိရုဠက = တောင်ဘက်မုခ်မှာရှိသည်။ | ပြသိင်္ဂီ |
ကြေးစန္ဒီ =အရှေ့တံတိုင်းမုခ်ဝမှာရှိသည်။ | ဝိရူပက္ခ = အနောက်မုခ်မှာရှိသည်။ | အာဠဝီ= အရှေ့ဘက်အထွက်တံတိုင်းမုခ်ဝမှာရှိသည်။ |
ကြေးစန္ဒာ =အရှေ့တံတိုင်းမုခ်ဝမှာရှိသည်။ | ဇမ္ဗူဒီပ = အနောက်မုခ်မှာရှိသည်။ | အာဠဝ= အရှေ့ဘက်အထွက်တံတိုင်းမုခ်ဝမှာရှိသည်။ |
မာရ်နတ် = တောင်ဘက်မုခ်ဝမှာရှိသည်။ | ဇမ္ဗူတံဆိပ် | ခရာပင်စောင့်နတ်(သောတာပန်) |
မန်ကျည်းပင်စောင့်နတ် = တောင်ဘက်မုခ်ဝမှာရှိသည်။ | ဇမ္ဗူချမ်းသာ | အင်ကြင်းပင်စောင့်နတ်(အနာဂံ) |
သူရဿတီ = အနောက်ဘက်တံတိုင်းမုခ်ဝမှာရှိသည်။ | ဇမ္ဗူကျက်သရေ | ပထမသပိတ်စောင့်နတ်(ပထမံ) |
ငနွယ်သင် = အနောက်ဘက်တံတိုင်းမုခ်ဝမှာရှိသည်။ | ကုဝေရ = မြောက်ဘက်မုခ်မှာရှိသည်။ | |
ဘုံသင်ကြီး = မြောက်ဘက်မုခ်ဝမှာရှိသည်။ | ဇမ္ဗူသပြေ = ဘုရားကြီးအင်္ဂါထောင့်မှာရှိသည်။ | |
မဟာပိန္နဲ = မြောက်ဘက်မုခ်ဝမှာရှိသည်။ | ဇမ္ဗူတန်ဆောင်= စနေထောင့်မှာရှိသည်။ | |
ဆင်ဖြူရှင် = တံတိုင်းကြီးအင်္ဂါထောင့်မှာရှိသည်။ | ဇမ္ဗူတမွတ်= ရာဟုထောင့်မှာရှိသည်။ | |
ငဆွယ်သင် = စနေထောင့်မှာရှိသည်။ | ဇမ္ဗူရန်အောင်= တနင်္ဂနွေထောင့်မှာရှိသည်။ |
အပြင် ( ၃၇ ) မင်း

အပြင် ( ၃၇ ) မင်းသည် မြန်မာလူမျိုးတို့ ယနေ့ကိုးကွယ်နေကြသောနတ်များပင်ဖြစ်ပါသည်။ စေတီတော်ကြီး ၏ အပြင်တွင်တည်ရှိသောကြောင့် အပြင် ( ၃၇ ) မင်းဟုခေါ်ကြပါသည်။ ယခင်က ပရိဝုဏ် အပြင်ဘက်တွင် နတ်ရုပ် များကို အဆောက်အဦးနှင့် ထားရှိခဲ့ပါသည်။ ၎င်းတို့မှာ ရှေးဟောင်းရုပ်ထုများဖြစ်သဖြင့် ပျောက်ဆုံးမည်ကို စိုးရိမ်၍ ပရိဝုဏ်အတွင်း(လက်ရှိနေရာ)အရှေ့တောင်ထောင့်တွင်အုတ်တိုက်ဖြင့်ထားရှိပါသည်။ ပရိဝုဏ်အတွင်း ရှိသော်လည်း ၎င်းတို့မှာ အပြင်( ၃၇ ) မင်းသာဖြစ်ပါသည်။ လက်ရှိအနေဖြင့် နတ်ရုပ်(၃၀)ရုပ်သာ ရှိပါသည်။
ကျောက်ရေချိန်ခွက်

စေတီတော်ကြီးတည်ထားစဉ်က ပန်းရံဆရာများ အသုံးပြုခဲ့သော ဆောက်လုပ်ရေးဆိုင်ရာ ကိရိယာ တစ်မျိုးဖြစ်ပါသည်။ စကျင်ကျောက်ပေါ်တွင် ကျင်းတစ်ခုဖြစ်အောင် စီစဉ်ပြီး ရေထည့်ထားပါသည်။ စေတီတော်ကြီး တည်ထားစဉ် တည့်မတ်မှု ရှိမရှိ ရေချိန်ခွက်ကို ကြည့်ရှုဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ ရေချိန်ခွက်ရှေ့တွင် ရပ်လျှက်ဖြစ်စေ၊ ထိုင်လျှက်ဖြစ်စေ ( ၄၅° ) စောင်း အားဖြင့် ကြည့်ရှုလျှင် စေတီတော်ကြီး၏ စိန်ဖူးတော်၊ ထီးတော်တို့ကို အနီးကပ်မြင်တွေ့ရသည့်သဖွယ် ကြည်လင်ပြတ်သားစွာ ဖူးမျှော်တွေ့ရှိရပါသည်။ လာရောက်သည့် ဧည့်သည်အားလုံး ရေချိန်ခွက်ကို ကြည့်ရှုနှစ်သက်ကြပါသည်။
တော်ဝင်ခရေ

စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံးအနီးတွင် ခရေပင်တစ်ပင်ရှိပါသည်။ အချို့က ချယားပင် ( Star Flower ) ဟုလည်းခေါ်ပါသည်။ စေတီတော်ကြီး၏ အတွင်းအံ့ဖွယ်(၉)ပါးတွင် တစ်ပါးအပါအဝင် ဖြစ် ပါသည်။ ( ၁၂ )လရာသီကာလပတ်လုံးအမြဲတမ်းဖူးပွင့်ဝေဆာနေပါသည်။ ခရေပင်ကြီး၏ သက်တမ်းသည် အပွေး၊ အခေါက်တို့ကို လေ့လာကြည့်ခြင်းဖြင့် သက်တမ်း( ၉၀၀ ) နှစ်နီးပါးဟု ပညာရှင်များကခန့်မှန်းကြပါသည်။ ဘုရားဖူး ပြည်သူများအားလုံး စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုသူအများဆုံးနေရာဖြစ်ပါသည်။ ရတနာပုံခေတ်ကင်းဝန်မင်း ကြီး ( အေဒီ ၁၈၂၂-၁၉၈၈ ) ကအံ့ဖွယ်ကိုးပါးနှင့် ပတ်သက်၍ စပ်ဆိုရာတွင် “ဒွါဒသင် ချယားပင်၊ ခါမလင့်ပေဘု၊ ငုံပွင့် ကာကြူထုံလို့၊ ဇေယျခုံ အံ့ဖွယ်ကိုးကိုလ၊ တိုးခဝပ်ဆင်း” ဟု စပ်ဆိုခဲ့ပါသည်။
ဖြစ်တော်စဉ်အင်း

စေတီတော်ကြီး ပရိဝုဏ်အတွင်း၊ စည်တော်ကြီးထားရှိရာ ပြာဿဒ်ဆောင်၏ အရှေ့ဘက်ဆောင်တွင် ဖြစ်တော်စဉ် အင်းကွက် တစ်ခုရှိပါသည်။ အလျား ၃’၉” ၊ အနံ ၁’၁၀” ၊ ထု ၃” ရှိ ကျောက်ပြားပေါ်တွင် အင်းကွက်တစ်ကွက် ရေးဆွဲထား ပါသည်။ အလျား ၄ ကွက်၊ အနံ ၄ ကွက် စုစုပေါင်း ( ၁၆ )ကွက်ရှိပါသည်။ မည်သည့်ခေတ်က မည်သည့်ပညာရှင်က ရေးဆွဲ ခဲ့သည်ကို မသိရပါ။ ရေးသွင်းထားသော ဂဏန်းသင်္ချာကို ကြည့်ခြင်းဖြင့် လွန်စွာ ရှိကြသည်ကို ခန့်မှန်းသိရှိရပါသည်။
မြတ်စွာဘုရားအလောင်းတော် တိရိစ္ဆာန်( ၁၆ ) မျိုးတွင် ကျင်လည်ခဲ့ရသော တိရိစ္ဆာန်ဘဝ ( ၁၃၆ ) ဘဝကို ရေးထည့် သွင်းထားခြင်းဖြစ်ပါသည်။ ရှေးလူကြီး သူမများက အဆိုပါဖြစ်တော်စဉ် ( ၁၃၆ ) ဘဝကို ရွတ်ဆို၍ ဘုရားဖူးကြပါသည်။ ၎င်းဘု ရားရှစ်ခိုးကို အောက်တွင်ဖော်ပြအပ်ပါသည်။ အဆိုပါအင်း၏ ထူးခြားချက်မှာ အစဉ်အတကျဖြစ်သော ဂဏန်းလေးလုံးပေါင်းလျှင် အမြဲတမ်း ( ၃၄ ) သာရရှိပါသည်။ ၎င်းကို အောက်တွင်ဖော်ပြပါသည်။
အတန်းလိုက် ( ၄ )လုံးပေါင်းလျှင် | ၁၆ + ၉ + ၆ + ၃ | = ၃၄ |
ထောင်လိုက် ( ၄ )လုံးပေါင်းလျှင် | ၁၆ + ၅ + ၁၁+ ၂ | = ၃၄ |
ထောင့်( ၄ ) ထောင့်ပေါင်းလျှင် | ၂ + ၁၄ + ၁၅ + ၃ | = ၃၄ |
ထောင့်( ၄ ) ထောင့်ပေါင်းလျှင် | ၁၆ + ၄ + ၁ + ၁၃ | = ၃၄ |
အလယ် ( ၄ ) ကွက်ပေါင်းလျှင် | ၄ + ၁၅ + ၁၄ + ၁ | = ၃၄ |
ဆယ့်နှစ်ပြားရွှေ(သို့)ဆယ့်နှစ်ဌာန
၁။ အတွင်းစေတီ | ၅။ ရွှေငါးကြင်း | ၉။ ပွဲမင်းကြီးဦးနေဒွန်း |
၂။ အပြင်စေတီ | ၆။ ရွှေသက်စိုးနတ် | ၁၀။ ရွှေညိုသင်းနတ်ကြီး |
၃။ ဆုတောင်းပြည့်ဘုရား | ၇။ အင်္ဂါထောင့်ခြင်္သေ့ကြီး | ၁၁။ ရွှေစကားနတ်ကြီး |
၄။ ဘိုးတော်သကြားမင်း | ၈။ ပထမသပိတ်ကြီး | ၁၂။ ပြသိင်္ဂီနတ်သမီး |