ပုဂံဒေသရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄) ကြိမ်မြောက် သင်ပုတ်ပလ္လင်ပွဲတော်စည်ကား စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပုဂံ- ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန် အမှတ်(၅) ရပ်ကွက်ရှိ အံ့ဖွယ်ကိုးစုံ ရွှေစည်းခုံစေတီတော်မြတ်ကြီး၏ (၉၆၄)ကြိမ်မြောက်သင်ပုတ်ပလ္လင် ပွဲတော်ကို အောက်တိုဘာ ၁၈ရက်နေ့ ညနေ ၄ နာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ အဆိုပါ သင်ပုတ်ပလ္လင်ပွဲတော်သည် ပုဂံ -ညောင်ဦးဒေသရှိ တောင်သူလယ်သမားများမှ တစ်နှစ်တာကာလအတွင်း စိုက်ပျိုးရရှိခဲ့သည့် သီးနှံရောင်းရငွေ၏ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းခြင်းမှအစပြုကာ ပေါ်ပေါက်လာသော ပွဲတော်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း တစ်နှစ်လျှင် ၂ ရက် ကျင်းပလေ့ရှိသည်ဟုဆိုသည်။

သင်ပုတ်ပလ္လင်ပွဲတော် ပထမနေ့တွင် ညောင်ဦးမြို့ မဏိစည်သူဈေးသူဈေးသားများမှ သစ်သီးမျိုးစုံ ငွေဆွမ်း၊ ဝတ္ထုပစ္စည်းမျိုးစုံဖြင့် မြို့တွင်းလှည့်လည်အပူဇော်ခံကြသလို ဒုတိယနေ့တွင် ရပ်ကွက်များမှ လှည့်လည်အပူဇော်ခံကြကြောင်းသိရပြီး ယနေ့ အောက်တိုဘာလ ၁၉ ရက်တွင် ရွှေစည်းခုံစေတီတော်ကြီးအား ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။