
မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ လှူဒါန်းသည့် ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်း တန်ဆောင်း LED Screen Board တပ်ဆင်ခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်၌ ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Chen Chen ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း Senior President ဦးသစ္စာနှင့်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပုဂံညောင်ဦးဒေသ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေစည်းခုံ စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနား၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ချူအင်လိုင်း တန်ဆောင်းသည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အစဉ်အလာကောင်း၏ ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ရင်းနှီးမှုနှင့် နီးကပ်မှုအတွက် သက်ရောက်စေသည့် အသုံးအနှုန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့၏ ခင်မင်ရင်းနှီးမှုသည် ၁၉၆၁ ခုနှစ်က တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်း၏ ရွှေစည်းခုံဘုရားတွင် ယခုတန်ဆောင်း တည်ဆောက်ရန် လှူဒါန်းပြီးနောက်ပိုင်းတွင် ပိုမိုခိုင်မြဲလာကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် ကိုးကြိမ်တိုင်တိုင် လာရောက်ခဲ့သည်ဟုလည်း သိရှိရပြီး ဝန်ကြီးချုပ် ချူအင်လိုင်း၏ မြန်မာနိုင်ငံ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ လာရောက်လည်ပတ်ခြင်း နှစ်ပတ်လည် အခမ်းအနားများကို ဤချူအင်လိုင်း တန်ဆောင်းတွင်ပင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ချူအင်လိုင်း တန်ဆောင်းတွင် ဘုရားဖူးဧည့်သည်များ နားခိုနေနိုင်ခြင်းအပြင် ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းကြောင်း အချက်အလက်များ၊ စေတီပုထိုးများ၊ မြန်မာမှုအနုလက်ရာများ၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၏ ရှုခင်းအလှအပများကို ကြည့်ရှုနိုင်စေရန် အတွက် LED Board နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်လှူဒါန်းခြင်း၊ LEDမီးဆလိုက်များ တပ်ဆင်လှူဒါန်းခြင်းတို့နှင့် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင်ပါ ပံ့ပိုးကူညီပေးမှုတို့အတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Chen Chen က ရွှေစည်းခုံစေတီတော် အလင်းမီးပူဇော်ခြင်းနှင့် ချူအင်လိုင်း တန်ဆောင်း LED Screen Board တပ်ဆင်ခြင်း လှူဒါန်းခဲ့မှုအပေါ် ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးကျော်မြင့်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်သို့ ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်း၊ ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က မြန်မာ-တရုတ်ပူးပေါင်း ဆက်ဆံရေး ဗဟိုအသင်းသို့ ဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြကြောင်း သိရသည်။
