ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိကျောက်စာ


အရှေ့ဘက်အပြင်စောင်းတန်း (အထက်ဆင့်)၏ အလယ်နေရာတွင် ကျန်စစ်သားမင်းကြီး ၏ အတ္ထုပ္ပတ္တိကျောက်စာရှိပါသည်။ အဆိုပါစောင်းတန်း၏ တောင်ဘက်တွင်တစ်တိုင်၊ မြောက်ဘက်တွင် တစ်တိုင်ရှိပြီး၊ ကျောက်စာရုံဖြင့် ထိန်းသိမ်းပြသထားပါသည်။ ရွှေစည်းခုံ မွန်ကျောက်စာဟု အသိများသော်လည်း ရွှေစည်းခုံစေတီတော်နှင့် ပတ်သက်သော အကြောင်း အရာများ မပါဝင်ပါ။ ကျန်စစ်သားမင်းကြီး၏ အတ္ထုပ္ပတ္တိကိုသာ ရေးသားထားပါသည်။ ကျန်စစ်သားမင်းကြီး၏ ဘဝဖြစ်စဉ်နှင့် ဂုဏ်ကျေးဇူးကို မှတ်တမ်းတင်၍ အေဒီ ၁၀၈၉-ခုနှစ်တွင် ရေးထိုးထားသော ကျောက်စာဖြစ်ပါသည်။ ယနေ့ထိဆိုလျှင် နှစ်ပေါင်း (၉၆၀)ကျော်ပြီး ဖြစ်သဖြင့် လွန်စွာမှ သမိုင်းတန်ဖိုးကြီးလှသော ကျောက်စာတိုင်များဖြစ်ပါသည်။ရှေးမွန်ဘာသာဖြင့် ရေးသား ထားပါသည်။ တောင်ဘက်ကျောက်စာတိုင်သည် အနံ-၂ပေခန့်ရှိပြီး၊ အမြင့် (၇-ပေ)ခန့် ရှိပါသည်။ကျောက်စာမျက်နှာ (၄)ဘက်တွင် စာကြောင်းရေ(၅၄)ကြောင်းစီ ပါဝင် ပါသည်။မြောက်ဘက်ကျောက်စာတိုင်သည် အနံ-၂ပေခန့်ရှိပြီး အမြင့် (၆-ပေ)ခန့် ရှိပါသည်။ ကျောက်စာမျက်နှာ (၄)ဘက်တွင် စာကြောင်းရေ (၄၃)ကြောင်းစီပါဝင်ပါသည်။

နိုင်ငံတော်အကြီးအကဲ ပုဂံဒေသသို့ ၁၆-၅-၂၀၂၃ နေ့ လာရောက်သော ခရီးစဉ်တွင် အဆိုပါ ကျောက်စာတိုင် (၂)တိုင်ကို မူရင်းမွန်ဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြီး Touch Screen ဖြင့် ပြသထားရှိရန် လမ်းညွှန်ထားပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရှေးဟောင်းသုတေနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။