ညောင်ဦးမြို့သည် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့မှာ တည်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ နယ်မြေကိုလည်း ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေ ဟုလည်းခေါ်ပါတယ်။ ဧရိယာအားဖြင့် ၂၀-စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ပုဂံဒေသကို ၂၀၁၉-ခုနှစ် ဇူလိုင်(၆)ရက်နေ့မှစတင်ပြီး UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာခဲ့ပါတယ်။ ညောင်ဦးမြို့ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ မြစ်ကမ်းပါးနှင့် ပေ(၄၀၀)ခန့်အကွာတွင် တည်ရှိပါတယ်။ မြောက်လတ္တီကျူ (N) 21.195331 အရှေ့လောင်ဂျီကျူ (E) 94.893889 မှာတည်ရှိပါသည်။
မြို့သမိုင်း
ပြည်-သရေခေတ္တရာမင်း မဟာသမ္ဘဝမှစ၍ (၂၇)ဆက်အဆုံး သုပညာနာဂရဆိန္ဒမင်း လက်ထက်တွင် သရေခေတ္တရာပျက်သည်။ သုပညာနာဂရဆိန္ဒမင်း၏တူတော် သမုတိရာဇ်မင်း သည် တောင်ညို၊ သက်သာ၊ ပန်းတောင်း၊ မင်းတုံးသို့ အဆင့်ဆင့်ပြောင်းရွှေ့နေလေခဲ့ပြီး (၁၂)နှစ်အကြာ ယခုပုဂံပြည်ရှိရာ ယုန်လွှတ်ကျွန်းအရပ်သို့ ရောက်ရှိလာပြီး ရွာ(၁၉)အား စုပေါင်း၍ အရိမဒ္ဒနာပြည်ကို ကောဇာသက္ကရာဇ် (၂၉)နှစ် (အေဒီ-၁၀၇)တွင် စတင်တည်ထောင်ခဲ့သည်။ အဆိုပါ (၁၉)ရွာတွင် ညောင်ဦးရွာမှ တစ်ရွာအပါအဝင်ဖြစ်ပါသည်။ ပုဂံပြည်ကြီး (၄)ပိုင်းခွဲ၍ သမိုင်းမှာ အောက်ပါအတိုင်း မှတ်တမ်းတင်ခဲ့ပါသည်။ ဖော်ပြပါ ပထမပုဂံမှ စတုတ္ထပုဂံအထိ ကာလတွင်လည်း ညောင်ဦးရွာဟု ပါဝင်တည်ရှိခဲ့ပါသည်။ မင်းတုန်းမင်းတရားလက်ထက် ကင်းဝန်မင်းကြီးပြင်သစ်သို့ သွားစဉ်က ညောင်ဦးတွင် ၁၇-၃-၁၈၇၄ နေ့၌ စခန်းချသည်။ ရွှေစည်းခုံစေတီတော်သို့ သွားရောက်ဖူးမျှော်၍ ရွှေဆိုင်းများ လှူဒါန်းသည်။ ထိုစဉ်က ပုဂံမြို့ရုံးအရာရှိ၊ ညောင်ဦးရွာသူကြီးတို့ အစုံအညီနှင့် ယွန်းအစ်ခွက်များကို ပြင်သစ်ရောက်လျှင်လက်ဆောင်ပေးရန် ဝယ်ယူသည်ဟု မှတ်တမ်းကို ဖတ်ရဖူးပါသည်။ သို့ဖြစ်၍ ညောင်ဦးသည် ကုန်းဘောင်ခေတ်တွင် ရွာအဆင့်သာရှိသေးကြောင်း သိရှိရပါသည်။
၁၉၈၇-ခုနှစ်တွင် မြန်မာပြည်အား အိန္ဒိယပြည်၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပြီး ညောင်ဦးအား ဆပ်ဒီဝီဇံစီရင်စုနယ်မြေအဖြစ် သတ်မှတ်၍ မြင်းခြံဒီစကြိတ်လက်အောက်တွင် ထားရှိခဲ့သည်။ ထိုစဉ်အခါကပင် ညောင်ဦးကို မြို့အဖြစ်သတ်မှတ်ခဲ့သည်ဟု ယူဆရပါသည်။ မြို့၏တည်နေရာမှာ မြောက်လတ္တီတွဒ် ၂၀ ၅၁’ ၃၈” မှ ၂၁ ၁၈’ ၃၃” အတွင်း၊ အရှေ့လောင်ဂျီတွင် ၉၄ ၃၉’ ၃၂” မှ ၉၅ ၁၃’ ၅၀” အတွင်တည်ရှိပါသည်။မြို့၏ဧရိယာသည် အလျားအနံ ကွာဟမှု သိပ်မရှိဘဲ စတုဂံပုံစံ ရှိပါသည်။ (၅၇၂-၇၅၅)စတုရန်းမိုင် ကျယ်ဝန်းပါသည်။
ညောင်ဦးမြို့သည် ယခင်က မြင်းခြံခရိုင်အတွင်းပါဝင်ခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၄-၄-၁၉၉၆ရက်စွဲပါ စာအမှတ်-၁/၅/အထ(၂)ပါ အမိန့်ကြော်ငြာစာ အရ ညောင်ဦးမြို့နယ်ကို (က)အထူးခရိုင်အဖြစ် ဖွဲ့စည်းပေးခဲ့ပါသည်။ သို့ဖြစ်၍ ညောင်ဦးသည် အေဒီ (၁၀၇)ခုနှစ်မှ ယနေ့ (၂၀၂၃)နှစ်အထိ ရွာမှ မြို့၊ မြို့မှ မြို့နယ်၊ မြို့နယ်မှ ခရိုင် အထိ နှစ်ပေါင်း (၁၉၀၀)ကျော် သက်တမ်းရှိသည့် မြို့တစ်မြို့ ဖြစ်ပါသည်။