ပြသိင်္ဂီနတ်သမီး(AD.11)
နတ်သမီးရုပ်မှာ ကျောက်ဖြင့်ထုလုပ်၍ ရွှေချထားသည်။ အမြင့် (၁)ပေ (၆)လက်မခန့် ရှိသည်။ ၎င်းနတ်သမီးရုပ်ထုကို နှောင်းခေတ်၌ ဆောက်လုပ်ထားသော အုတ်ဂူနှင့်ထားရှိသည်။ ရုပ်ပုံများမှာ ပုဆစ်တုပ်၍ လက်အုပ်ချီရှိခိုးနေဟန် ဖြစ်သည်။ လက်ကောက်၊ ဆံထိုးနားတောင်းများ ဝတ်ဆင်ပါရှိသည်။ ရာသမင်္ဂီနတ်သမီးရုပ်ထုဟု ခေါ်ဆိုနေကြသည်။ ပုဂံခေတ်ရုပ်ထုဟု ယူဆရသည်။
ဆုတောင်းပြည့်(AD.12)
အဝိုင်းပုံသဏ္ဍာန်လိုဏ်ပေါ်တွင် စေတီတည်ဆောက်ထားခြင်းဖြစ်သည်။ လိုဏ်မုခ်ပေါက်မှာ မြောက်ဘက်သို့ လှည့်ထားသည်။ အောက်ခြေအချင်း(၁၂)ပေ၊ အမြင့်(၁၈)ပေရှိသည်။ ရှေးဟောင်းစေတီကို မြန်မာသက္ကရာဇ်-၁၃၂၀ ခုနှစ်တွင် ဦးညို၊ ဒေါ်ဇံနှင့် သားသမီးတစ်စုတို့က ထပ်မံ ပြုပြင်ထားကြောင်း ကမ္ပည်းထိုး ထားသည်ကိုတွေ့ရသည်။ ဖေါင်းရစ်ပြား(၅)ခု၊ ဖေါင်းလုံး(၅)ခု စုစုပေါင်း ဖေါင်းရစ်(၁၀)ခု၊ အထွတ်နှင့်ထီးပါရှိသည်။ မူလလက်ရာမှာ အေဒီ(၁၂)ရာစု ပုဂံခေတ်ဘုရားဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ပြန်လည်ပြုပြင်ထားသည်။
စင်္ကြံဦးဘုရား(AD.17)
လေးထောင့်အုတ်ပေါ်တွင် စေတီပေါက်ထားသော အဆောက်အအုံ ဖြစ်သည်။ ဝင်ပေါက်မုခ် သုံးခုပါရှိ၍ အာရုံခံဆောင်မှာ အရှေ့ဘက်သို့ မျက်နှာပြုထားသည်။ လေးထောင့်အုတ်တိုက်မှာ ပေ ၂၀x၂၀ပေ ပတ်လည်ရှိပြီး အမြင့် (၃၁)ပေရှိသည်။ လိုဏ်ခန်းအတွင်း၌ အမြင့် (၃)ပေ၊ ဆင်းတုအမြင့် (၄)ပေခန့်ရှိသော ပလ္လင်ခွေဆင်းတုတစ်ဆူရှိသည်။ အရှေ့ဘက်သို့ မျက်နှာပြုထား သည်။ လိုဏ်ခန်းအတွင်း၌ ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီ အနည်းငယ်ကျန်ရှိသည်ကို တွေ့ရသည်။ အေဒီ(၁၇) ရာစုလက်ရာဘုရားတစ်ဆူ ဖြစ်သည်။
ရွှေဘုံသာဘုရား(AD.18)
လေးထောင့်ဂန္ဓကုဋီတိုက်ပေါ်တွင် စေတီတည်ဆောက်ထားခြင်းဖြစ်သည်။ မုခ်သုံးဘက်ပါရှိပြီး အာရုံခံမြောက်ဘက် လှည့်သည်။ လိုဏ်အတွင်း၌ တင်ပလ္လင်ခွေဆင်းတုတော် တစ်ဆူရှိသည်။ ဂန္ဓကုဋီတိုက်မှာ အရှေ့အနောက် (၂၂)ပေ၊ တောင်မြောက် (၂၂)ပေ ကျယ်ဝန်းသည်။ စေတီအထိ အမြင့် (၃၁)ပေ ရှိသည်။ လိုဏ်ခန်းအတွင်း၌ ဘုရားကန်တော့နေကြပုံ နံရံဆေးရေးပန်းချီများ ပါရှိသည်။ ဤဘုရား အပြင်ဘက်နံရံတို့တွင် အင်္ဂတေပန်းလက်ရာများ ကောင်းစွာ ကျန်ရှိသေးသည်။ ကုန်းဘောင်ခေတ်ဦး အေဒီ (၁၈) ရာစု လက်ရာ အဆောက်အအုံဖြစ်သည်။
ရှင်ပင်ကြွက်နို့ (AD.18)
လေးထောင့်ဂန္ဓကုဋီတိုက်ပေါ်တွင် စေတီတည်ထားသော ဘုရားတစ်ဆူ ဖြစ်သည်။ လေးထောင့်ဂန္ဓကုဋီတိုက်မှာ ၁၆ ပေ ပတ်လည်ရှိပြီး၊ စေတီတော်အထိ (၂၄)ပေ မြင့်သည်။ အာရုံခံမုခ်ပေါက်ပါရှိ၍ အာရုံခံလိုဏ်ခန်းမှာ မြောက်ဘက်လှည့် ဖြစ်သည်။ ရှေးဟောင်းဘုရားမှာ ပြိုပျက်နေ၍ နောက်ပိုင်းခေတ်တွင် မန္တလေးမြို့မှ ပွဲစားကြီး ဦးကောင်းညွန့်၊ ဒေါ်ထွေးတို့၏သမီး ဘုရားအမ မတင်တင်က ပြန်လည်ပြုပြင်ကြောင်း မြောက်ဘက်အပြင်နံရံ၌ ရေးသားထားသည်ကို တွေ့ရသည်။
ဘုရားတွင် ရေချမ်းကပ်၍ ဆုတောင်းလျှင် ကြွက်နို့ပျောက်သည်ဟု ဆိုကြသည်။ သို့ဖြစ်၍ ဤဘုရားကို ရှင်ပင်ကြွက်နို့ ဟု ခေါ်တွင်ကြခြင်းဖြစ်သည်။ ဤဘုရားတွင် အင်္ဂတေပန်းလက်ရာ ကောင်းစွာကျန်ရှိသည်ကို တွေ့ရသည်။ ကုန်းဘောင်းခေတ် အေဒီ (၁၈) ရာစုက တည်ဆောက်ခဲ့သော ဘုရားဖြစ်သည်။
ရှင်ပင်ပွင့်လင်း (AD.18)
အာရုံခံမုခ်ပေါက် အရှေ့ဘက်သို့ လှည့်ထားသော လေးထောင့် ဂန္ဓကုဋီတိုက်ခံ စေတီဖြစ်သည်။ ပစ္စယံနှစ်ဆင့်ပါရှိပြီး ပစ္စယံပေါ်တွင် စေတီရံ (၈)ဆူ တည်ဆောက်ထားသည်။ ဖောင်းရစ် (၁၁)ရစ်၊ အထွတ်နှင့်ထီးရှိသည်။ လေးထောင့်အုတ်တိုက်မှာ (၂၄) ပေ ပတ်လည်ရှိပြီး စေတီတော်အမြင့် (၃၇)ပေရှိသည်။ အာရုံခံလိုဏ်ခန်းအတွင်း၌ အုတ်ပလ္လင်နှင့် ဆင်းတုတော်ရှိသည်။ နှောင်းခေတ်လက်ရာဖြစ်သည်။ အပြင်ဘက်နံရံတွင် အင်္ဂတေပန်းလက်ရာများ ကျန်ရှိသည်။
မူလလက်ရာမှာ ကုန်းဘောင်ခေတ်ဘုရားဖြစ်၍ လက်ရှိပုံသဏ္ဍာန်မှာ နောက်ပိုင်းခေတ်တွင် ပြန်လည်ပြုပြင် ထားခြင်းဖြစ်သည်။ ကုန်းဘောင်ခေတ် အေဒီ (၁၈) ရာစုက တည်ခဲ့သော ဘုရားဖြစ်သည်။
စောလူးဘုရား (AD.18)
လေးထောင့်ပစ္စယံပေါ်တွင် တည်ဆောက်ထားသော စေတီတော် ဖြစ်သည်။ ဖောင်းရစ် (၉) ရစ် အထွတ်နှင့် ထီးကျန်ရှိသည်။ စေတီတော် ပစ္စယံအောက်ခြေမှာ (၁၀)ပေ ပတ်လည်ရှိပြီး စေတီတော်၏ အမြင့်မှာ (၁၆) ပေ ရှိသည်။ အင်္ဂတေပန်းများ ကောင်းမွန်စွာ ကျန်ရှိသည်ကို တွေ့ရသည်။ ကုန်းဘောင်ခေတ် အေဒီ (၁၈) ရာစု လက်ရာစေတီ ဖြစ်သည်။
ဘိုးကတုံး (AD.19)
လေးထောင့်အုတ်တိုက်ခံ စေတီဖြစ်သည်။ လေးထောင့် အုတ်တိုက် မှာ အရှေ့အနောက် (၁၂) ပေ၊ တောင်မြောက် (၁၁) ပေရှိသည်။ အုတ်တိုက်လိုဏ်ခန်းသို့ ဝင်သော မုခ်ပေါက်တစ်ခုတည်းရှိသည်။ ဝင်ပေါက် အနောက်ဘက် လှည့်ထားသည်။ အုတ်တိုက်ပေါ်တွင် စေတီရံ(၄) ဆူ ရှိသည်။ စေတီတွင် ဖောင်းရစ် (၇) ရစ် ပါရှိ၍ ထီး၊ အထွတ်တို့လည်း တည်ရှိနေသည်။ ဤဘုရား၏ ဉာဏ်တော်အမြင့်မှာ (၁၉) ပေ ရှိသည်။
ဘုရားအပြင်ဘက် မျက်နှာစာတွင် အင်္ဂတေပန်းကြွများဖြင့် တန်ဆာဆင်ထားသည်။ အတွင်း၌ ထုံးသုတ်ထားသည်။ လိုဏ်အတွင်း မုခ်ကပ် (၆)ခုရှိသည်။ မူလက ဗုဒ္ဓဆင်းတုတော်များ ထားရှိသည်။ လိုဏ်အတွင်း မုခ်ကပ် (၆)ခုရှိသည်။ မူလက ဗုဒ္ဓဆင်းတုတော်များ ထားရှိသည်။ လိုဏ်ခန်းအတွင်း၌ လက်အုပ်ချီရှိခိုးနေဟန် ထုလုပ်ထားသော ရဟန္တာရုပ် တစ်ခုရှိသည်။ ဘိုးကတုံးရုပ်ဟု ခေါ်ကြသည်။ ကုန်းဘောင်ခေတ် အေဒီ (၁၉) ရာစု လက်ရာဟုခန့်မှန်းရသည်။
ထီးတော်ကျောက်စာဂူ (AD.19)
ဝင်ပေါက်မုခ်ဝတစ်ခုတည်းရှိသော ကျောက်စာဂူဖြစ်သည်။ ကျန်နံရံ သုံးဘက်၌ ပြူတင်းပေါက်ဖောက်လုပ်ထားသည်။ အမိုးဘုံဆင့် (၃)ဆင့်နှင့် ထုပိကာပါရှိသည်။ နတ်လမ်းနှင့် တုရင်ပုံများလည်း ပါရှိသည်။ အဆောက်အအုံမှာ အရှေ့အနောက် (၁၄) ပေ၊ တောင်မြောက် (၁၆) ပေရှိပြီး၊ ထုပိကာအထိ (၃၁) ပေမြင့်သည်။ လိုဏ်အတွင်း၌ ကုန်းဘောင်ခေတ် ဆေးရေးပန်းချီ များရှိသည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ကြာပန်းကိုင်လျက် ရှိခိုးနေပုံ၊ စွယ်တော် (၄) ဆူပုံ၊ မျက်နှာကျက်ပုံများ၊ ပန်းဒီဇိုင်းပုံများမှာ လက်ရာမြောက်စွာ ရေးခြယ်ထားခြင်း ဖြစ်သည်။
ဤဂူအတွင်း၌ အလောင်းဘုရား၏ ဒုတိယသားတော် ဆင်ဖြူရှင်မင်း (၁၇၆၃-၁၇၇၆) ၏ ကျောက်စာချပ်ရှိသည်။ ကျောက်စာမှာ လိပ်သဲကျောက်ပေါ်တွင် ထွင်းထားပြီး စာကြောင်းရေ (၉၄) ကြောင်းပါရှိသည်။ ရွှေစည်းခုံစေတီတော်အား ထီးတော် (လက်ရှိထီး)ကို တင်လှူပူဇော်ကြောင်း မှတ်တမ်းရေးထိုးထားခြင်း ဖြစ်သည်။ ကုန်းဘောင်ခေတ် အေဒီ (၁၉) ရာစု လက်ရာဖြစ်သည်။
ထီးတော်ပုံဘုရား (AD.19)
ရွှေစည်းခုံစေတီ၏ ထီးတော်ပုံအတိုင်း စေတီတော်တည်ထားခြင်း ဖြစသည်ဟု ဆိုကြသည်။ အဝိုင်းအုတ်ခုံပေါ်တွင် အဆင့်(၁၁) ဆင့် ပါရှိသည်။ စေတီတော်၏ အချင်းမှာ (၁၃) ပေ၊ အမြင့်မှာ (၂၁) ပေရှိသည်။ မူလပုဂံခေတ်က တည်ဆောက်ခဲ့သော ဘုရားကို ကုန်းဘောင်ခေတ် အေဒီ (၁၉) ရာစုတွင် ပြန်လည်ပြုပြင်ထားခြင်း ဖြစ်သည်ဟု ယူဆရသည်။
မုခ်အဝင်ပြာသာဒ်
မင်းတုံးမင်းတရားကြီးလက်ထက် ရွှေလောင်းပဲ့နင်းကြီးက ဆောက် လုပ်လှူဒါန်းထားသော ကျွန်းတန်ဆောင်းကြီး ရှိခဲ့ဖူးသည်။ အဆိုပါနေရာတွင် အေဒီ(၁၁)ရာစုလက်ရာ အရှေ့ဘက်ကြေးဂူတိုက်ကို စမြင်ခံ၍ ကျွန်းတန်ဆောင်းကြီးကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့သည်။ ၎င်းကို ကျောင်းအမကြီး ဒေါ်ညှင်းက ကောဇာသက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။
ညောင်ဦးမြို့ ဆုန်ကုန်းရပ်၊ လမ်းမတော်နေ ပွဲစားကြီး ဦးအုတ်ကျော်-ဒေါ်သစ်တို့က အမွေဆက်ခံ၍ ပြုပြင်ထိန်းသိမ်းခဲ့ပါသည်။ ယင်းတန်ဆောင်းကြီးမှာ ပန်းညွန့်-ပန်းတက်၊ ခြူးပန်းခြူးနွယ် အလိမ်အယှက် စသော ရှေးဟောင်းဗိသုကာ အနုပညာများမှာ လွန်စွာမှ နည်းယူဖွယ် ကောင်းလှပါသည်။
ကျောက်စာရုံ
စေတီတော်၏ ပရိဝုဏ်အတွင်း အရှေ့မြောက်ထောင့်တွင် ကျောက်စာရုံ တစ်ခု ရှိပါသည်။ အတွင်း၌ ရှေးဟောင်းကျောက်စာ( ၆ )ချပ်ထိန်းသိမ်းထားရှိပါသည်။ ကျောက်စာပါအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
- ပထမကျောက်စာမှာ စာကြောင်းရေ ( ၂၂ )ကြောင်းပါရှိပြီး AD. 1399 ခုနှစ်ထိုး အလှူမှတ်တမ်းဖြစ်ပါသည်။
- ဒုတိယကျောက်စာမှာ စာကြောင်းရေ ( ၂၅ ) ကြောင်းပါဝင်ပြီး AD . 1261 ခုနှစ်တွင် မိဖုရားစော မိဖွားရေးထိုးသော ကျောက်စာဖြစ်သည်။
- တတိယကျောက်စာမှာ စာကြောင်းရေ ( ၁၇ )ကြောင်းပါရှိပြီး AD . 1368 ခုနှစ်တွင် ရွှေစည်းခုံစေတီအား မြေလှူဒါန်းသည့် မှတ်တမ်းကျောက်စာဖြစ်ပါသည်။
- စတုတ္ထကျောက်စာမှာ စာကြောင်းရေ( ၃၄ )ကြောင်းပါရှိပြီး AD . 1284 ခုနှစ်တွင် နရပတိစည်သူမင်း၏ အလှူမှတ်တမ်းဖြစ်ပါသည်။
- ပဉ္စမကျောက်စာမှာ စာကြောင်းရေ ( ၁၄ )ကြောင်းပါဝင်ပြီး အေဒီ( ၁၃၅၆ ) ခုနှစ်တွင်ဘုရားကို မြေလှူသည့်အကြောင်းရေးထိုးထားသည်။
- ဆဋ္ဌမကျောက်စာမှာ စာကြောင်းရေ( ၁၁ )ကြောင်းပါရှိပြီး အေဒီ( ၁၃၉၂ )ခုနှစ်တွင် ရေးထိုးထားသော ကျောက်စာဖြစ်ပါသည်။
ရုပ်စုံတန်ဆောင်း
တောင်ဘက်ကြေးကူတိုက်၏ အရှေ့ဘက်ရှိ ရုပ်စုံတန်ဆောင်းကို ဒေးဒရဲမြို့နယ်၊ ဘိုးတုပ်ရွာနေ ဆရာဦးထွန်းဦး ဇနီး ဒေါ်စိန်ခိုင်တို့က ကောဇာသက္ကရာဇ် ၁၂၆၅ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ယခုအခါ သက်တမ်းကာလ နှစ်(၁၀၀) ကြာပြီဖြစ်၍ ရှေးဟောင်းအဆောက်အအုံ တစ်ခုဖြစ်နေပါသည်။ တန်ဆောင်းအတွင်းတွင် ငါးရာ့ငါးဆယ် ရုပ်လုံးရုပ်ကြွများကို ခြူးပန်းခြူးနွယ် အသွယ်သွယ်တို့ဖြင့် ထုလုပ်ထားသော အာရုံခံတိုက် ဖြစ်ပါသည်။
လှူဒါန်းခဲ့ကြောင်းကို မြန်မာ၊ ကုလား၊ တရုတ်၊ အင်္ဂလိပ် လေးဘာသာဖြင့် ကမ္ပည်းကျောက်စာရေးထိုး မှတ်တမ်းတင်ထားပါသည်။ ပန်းပုရုပ်ကြွများ ထားရှိထားသောနေရာ ဖြစ်သဖြင့် ရုပ်စုံတန်ဆောင်းဟု အများက ခေါ်ကြပါသည်။