ပုဂံခေတ် အဆောက်အအုံများ


စေတီတော်နှင့်တစ်ပြိုင်တည်းတည်ခဲ့သော အဆောက်အအုံများ

ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံစေတီတော်နှင့်အတူ အောက်ဖော်ပြပါ သာသနိက အဆောက်အအုံများ၊ အခြား အဆောက်အအုံများကို တစ်ပြိုင်နက်တည်းတည်ထားခဲ့ပါသည်။ စေတီတော်ကြီးအားP (၆)လနှင့် (၃)ရက်ဖြင့် အပြီး တည်ဆောက် ခဲ့ရာ (၁၅-၄-၁၀၉၀)နေ့တွင် ပြီးစီးခဲ့ပါသည်။ သို့ဖြစ်၍ ဖော်ပြပါအဆောက်အအုံများသည် အေဒီ ၁၀၉၀ခုနှစ်က ဆောက်လုပ်ပြီးစီးသည်ဟု ယူဆရပါသည်။

  • ကြေးကူတိုက် – ၄ လုံး
  • အုဌ်ပြာသာဒ် – ၄ ဆောင်
  • တောင်နှင့်အနောက်စင်္ကြံ – ၁ ဆူ
  • အနောက်သိမ်ဘုရား – ၁ ဆူ
  • အရှေ့ဘက် သာလျောင်းဘုရား – ၁ ဆူ
  • ခင်ဦးဘုရား – ၁ ဆူ
  • ခင်တန်ဘုရား – ၁ ဆူ
  • သီတင်းကြီးဘုရား – ၁ ဆူ
  • သီတင်းငယ်ဘုရား – ၁ ဆူ
  • ပွဲစားကြီးနတ် – ၁ ရုပ်
  • ရွှေညိုသင်၊ ရွှေစကားနတ် – ၁ ရုပ်
  • သိကြားနတ်(ဘိုးတော်သိကြား) – ၁ ရုပ်
  • ခြင်္သေ့ကြီး – ၈ စီး
  • မဟာရံတံတိုင်း – ၄ ခု

ဖော်ပြပါ ဌာန(၃၀)ခုသည် ကျန်စစ်သားမင်းကြီး၏ ကောင်းမှုတော်သာဖြစ်ပါသည်။


ကြေးဂူတိုက်

အရှေ့ဘက်ကြေးကူတိုက်

တောင်ဘက်ကြေးကူတိုက်

အနောက်ဘက်ကြေးကူ

မြောက်ဘက်ကြေးကူ


ရွှေစည်းခုံစေတီတော်ကြီး၏ မျက်နှာလေးဘက်လုံးတွင် နတ်လမ်းလှေခါးနှင့်တည့်တည့်နေရာလေးခုတွင် ကြေးကူတိုက် ( ၄ )လုံးရှိပါသည်။ ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံစေတီတော်ကြီးကို မိမိဘုန်းကံအလျောက်ရရှိထားသော ကိုယ်ပိုင်ပစ္စည်းများနှင့် ဆောက်လုပ်ပူဇော်၍ ပုဂ္ဂလိကကောင်းမှုပြုလုပ်ခဲ့ပါသည်။ ယင်းကုသိုလ်တွင်ပါဝင်ခွင့် မရရှိကြသည့် မှူး၊ မတ်၊ပြည်သူတို့က မကြေနပ်ကြသောကြောင့် ပြည်သူတွေ၏ ဆန္ဒအတိုင်း အလှဓငွေကြေးအကူအပံ့ဖြင့် အာရုံခံတိုက် ( ၄ ) လုံးကို ထပ်မံတည်လုပ်ခဲ့ရပြန်သည်။ သို့ဖြစ်၍ “ကြေးကူတိုက်” ဟုခေါ်ပါသည်။ ကာလကြာမြင့်သည်နှင့် ကြေးဂူတိုက်( ဂူ )ဟုခေါ်နေကြပါသည်။ ဤကမ္ဘာ၌ ပွင့်တော်မူကြကုန်သော ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား ဤလေးဆူသော မြတ်စွာဘုရားတို့၏ သဏ္ဍာန် မတ်ရပ်ရုပ်တုတော်လေးဆူတို့ ကိန်းဝပ်တော်မူပါသည်။ ဆင်းတုများအားလုံးကို မျက်ပါးရွှေဖြင့် ရွှေသင်္ကန်းကပ်လှူထားပါသည်။


အရှေ့ဘက်ကြေးကူတိုက်

အရှေ့ဘက်ကြေးကူတိုက်မှာ (၂၆)ပေ ပတ်လည်ကျယ်ဝန်းပါသည်။ အမြင့်အားဖြင့် ( ၆၀ )ပေရှိပါသည်။ ဂန္ဓကုဋီတိုက်အတွင်း၌ အမြင့် (၁၂)ပေရှိ၊ အဘယမုဒြာလက်ဟန် ပါရှိသော ရပ်တော်မူ ကြေးဆင်းတုတစ်ဆူ ကိန်းဝပ်စံပယ် ပါသည်။ အဆိုပါကြေးဆင်းတုကို ကြေးအရည် သွန်းလောင်း၍ ပြုလုပ်ထားခြင်းမဟုတ်ပါ။ အစိတ်အပိုင်း တစ်ခုစီကို အတွင်းမှ ဖောင်းကြွထုလုပ်ပြီး သံမှိုနှင့် ဆက်စပ် ( ယခုခေတ်အခေါ် ရက်ပစ်ရိုက်သည် ) ထားခြင်းဖြစ်ပါသည်။

ပုဂံခေတ်ကပင် ကြေးခတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်သည်ဟု သိရှိနိုင်ပါသည်။ ကုန်းဘောင်ခေတ်တွင် ကြေးကူတိုက်၏ လေးဘက်တွင်ကပ်၍ အဖီဆွယ်ခြင်း ပြာသာဒ်ဆောက်ခြင်းများ ပြုလုပ်ကြပါသည်။ မင်းတုံးမင်းတရားကြီးလက်ထက် ရွှေလောင်းပဲ့နင်းကြီးက တန်ဆောင်းဆောက်လုပ် လှူဒါန်းခဲ့ပါသည်။

သက္ကရာဇ် ၁၂၅၁ ခုနှစ်တွင် ဒေါ်ညှင်းက မူလသစ်သားဟောင်းများကို အသုံးပြု၍ တန်ဆောင်းကြီးကို ထပ်မံအသစ်ဆောက်လုပ် ခဲ့ပါသည်။ ၎င်းနောက်ပွဲစားကြီး ဦးအုတ်ကျော်၊ ဒေါ်သစ်တို့က အမွေဆက်ခံ၍ ပြုပြင်ထိန်းသိမ်း ခဲ့ပါသည်။ ဦးအုတ်ကျော်မှာ ရွှေစည်းခုံစေတီတော်၏ ဂေါကပလူကြီး ( ယခုခေတ်အခေါ်မှာ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်) ဖြစ်ပါသည်။ ၎င်းကွယ်လွန်သည့်အခါတွင် ၎င်းပိုင်နှစ်ထပ်တိုက်ကို ရွှေစည်းခုံစေတီတော်အား လှူဒါန်းခဲ့ပါသည်။ အဆိုပါတိုက်မှာ ဈေးကြီး၏အနောက်ဘက် ပေ(၃၀၀)ခန့်အကွာ၊ ဆုန်ကုန်းရပ်ကွက်၊ ကတ္တရာလမ်း၏ တောင်ဘက်ကပ်လျက်တွင် ရှိပါသည်။


တောင်ဘက်ကြေးဂူတိုက်

တောင်ဘက်ကြေးဂူတိုက်၏ ဂန္ဓကုဋီတိုက်အတွင်းတွင်လည်း အမြင့်ပေ (၁၂)ပေရှိ အဘယ မုဒြာ ရပ်တော်မူကြေးဆင်းတု ကိန်းဝပ်စံပယ်တော်မူပါသည်။ မူလကြေးကူတိုက်၏ လေးဘက်တွင်ကပ်လျက် အာရုံခံတိုက်( ၄ ) လုံးကို ဆောက်လုပ်ထားပါသည်။ အောက်ပါအလှူရှင်များက ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။

  • အရှေ့ဘက်အာရုံခံတိုက်၊ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် ရွှေစည်းခုံစေတီတော် ဘဏ္ဍာတော်ထိန်းလူကြီး၊ ဦးမှုံ၊ ဒေါ်သာယာတို့ကလှူဒါန်းခဲ့ပါသည်။
  • တောင်ဘက်အာရုံခံတိုက်၊ သက္ကရာဇ် ၁၂၈၁ ခုနှစ်တွင် စက်သူဌေး ဦးဘုန်းကျော်၊ ဒေါ်မယ်ရီကလှူပါသည်။
  • အနောက်ဘက်အာရုံခံတိုက်ကို သက္ကရာဇ် ၁၂၈၃ခုနှစ်တွင်၊ စက်သူဌေး ဦးအုတ်ကျော် ဒေါ်မယ်ရီက ဆောက်လုပ်လှူဒါန်းခဲပါသည်။
  • မြောက်ဘက်အာရုံခံတိုက်ကို သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင် ဦးစံရာ၊ မယ်ရွှေအိမ်တို့က ဆောက်လုပ်လှူဒါန်းပါသည်။

အနောက်ဘက်ကြေးကူတိုက်

အနောက်ဘက်ကြေးကူတိုက်၏ ဂန္ဓကုဋီတိုက် အတွင်းတွင်လည်း အမြင့် (၁၂’) ရှိ အဘယမုဒြာ ကြေးဆင်းတုတစ်ဆူကိန်းဝပ်စံပယ်လျက် ရှိပါသည်။ ၎င်းဆင်းတုတော်မှာ ကဿပဘုရားဖြစ်ပါသည်။ မူလကြေးကူတိုက်၏ လေးဘက်စလုံးတွင် ကပ်လျှက် အာရုံခံတိုက်လေးခုကို ဆောက်လုပ်ထားပါသည်။ အဆောက်အအုံမှာ ထုထည်ကြီးမား၍ ခမ်းနားသပ်ယပ်ပါသည်။ အလှူရှင်မှာ ညောင်ဦးမြို့၊ ရေနံစုရပ် ဦးစံထွန်း – ဒေါ်စုတို့ကဆောက်လုပ်လှူဒါန်းခဲ့ပါသည်။


အုဌ်ပြသာဒ် ( ၄ ) ဆူ

ကျန်စစ်သားမင်းကြီးသည် ရွှေစည်းခုံစေတီတော်နှင့် တစ်ပြိုင်တည်းတည်ထားခဲ့သည်မှာ ဌာန ( ၃၀ ) ခုတွင် အုဌ်ပြသာဒ် ( ၄ )ဆူလည်းအပါအဝင်ဖြစ်ပါသည်။ ၎င်းတို့ကို ယခုအခါ ပန္နက်ဘဲဂူဟုခေါ်ပါသည်။ အနော်ရထာမင်းကြီးသည် ရွှေစည်းခုံစေတီတော်တည်ထားရန် အလျား- အလံ( ၈၀ ) – အနံ_အလံ( ၈၀ ) ဉာဏ်တော်အလံ ( ၈၀ ) လျာထားခဲ့ပါသည်။ သို့သော်အတွင်းရွှေစေတီသာပြီးစီးခဲ့ပါသည်။

ကျန်စစ်သားမင်းကြီးက မူလစေတီကို ငုံ၍တည်ရာတွင် အလံ( ၈၀ ) ဆိုသော ပမာဏသည် လွန်စွာကြီးမားသဖြင့် ပြီးစီးရန်ခက်ခဲလိမ့်မည်ဟု ယူဆပြီး အလံ ( ၈၀ ) အစား သံတောင် ( ၈၀ ) သာ ပန္နက်ချ၍ ယခုစေတီတော်ကြီးကို တည်ထားခဲ့ပါသည်။ အတောင် ( ၈၀ ) ဆိုရာတွင် ယနေ့ခေတ်အတိုင်းအတာပေကြိုးဖြင့်တိုင်းပါက ပေ ( ၁၆၀ ) ရှိပါသည်။ အနော်ရထာမင်းကြီး အလံ ( ၈၀ ) ပန္နက်ချသောနေရာတွင်၊ ဆက်လက်၍ ကျန်စစ်သားမင်းကြီး နောင်လာ၊ နောက်သားတို့အမှတ်တရ ဖြစ်စေရန် အုဌ်ပြာသာဒ် ( ၄ )ဆူကို တည်ထားခဲ့ပါသည်။ သို့ဖြစ်၍ ပန္နက်သဲဂူဟု ခေါ်ကြပါသည်။ အဆိုပါ ပန္နက်သဲဂူ ( ၄ ) ဆူစလုံးသည် ဆန်းကြယ်သောဗိသုကာလက်ရာဖြစ်ပါသည်။ ဘုံ ( ၇ ) ဆင့် ပေါက်ထားပြီး ဘေးပတ် လည်တွင် မူလကသစ်သားအဖီဆောင်များရှိပါသည်။ ယခုမရှိတော့ပါ။ နံရံအတွင်းထဲတွင်လည်း မှောင်ပတ်လမ်းရှိပြီး၊ အတွင်းဖက်၌ အလင်းရောင်ပေးသောအပေါက်များမှလည်း မြင်ရပါသည်။ ရှေးဘုန်းကြီးပျံများတွင် ဇလားကြီးလုပ်ရာ၌ ပန်းချီဆရာတို့က ၎င်းကိုနမူနာယူ၍ ဆောင်ရွက်ကြပါသည်။ မြတ်စွာ ဘုရား၏ အလောင်းတော်၊ ရဟန္တာများ၏ အလောင်းများထည့်သော သေတ္တာကြီးကို ဇလားကြီးဟုခေါ်ပါသည်။ ဇလားကြီး ထားရှိသော ပြသာဒ်ဆောင်ကိုလည်း ဌာနကိုစွဲ၍ ဌာနီကိုလည်း ဇလားဆောင်ဟုခေါ်ပါသည်။ ယခုအခါ ( ဇ ) မှ ( တ ) သို့ ပြောင်းလာပြီး တလားကြီးဟုခေါ်ကြပါသည်။


တောင်ဘက်နှင့် အနောက်ဘက်စင်္ကြံ

ရွှေစည်းခုံစေတီတော်ကြီးနှင့် တစ်ပြိုင်နက်တည်း ဌာန ( ၃၀ ) ကိုတည်ဆောက်ခဲ့ရာတွင် တောင်ဘက်နှင့် အနောက်ဘက် စင်္ကြံတို့ အပါအဝင်ဖြစ်ပါသည်။ စင်္ကြံဆိုသည်မှာ ဘုရားဖူးပြည်သူများသွားလာရေးအဆင်ပြေစေရန်အတွက် အောက်တွင်းအုတ်ကြမ်းခင်းထားပြီးဘေးနှစ်ဖက်တွင် အုတ်ရိုးတန်းဖြင့် ကာရံထားသောလမ်းဖြစ်ပါသည်။ တောင်ဘက်စင်္ကြံကို တောင်ဘက်အဝင်မုဒ်မှ စတင်၍ ပေ(၁၀၀၀)ကျော်ရှိပါသည်။

အတော်များများသည် ပျက်စီးနေပါသော် လည်း ပန္နက်ရာအုတ်ကြမ်းခင်းများကိုတွေ့ရပါသည်။ သက္ကရာဇ်( ၃၂၁ )ခုနှစ် ( AD ၁၉၅၉ )တွင် တောင်ဘက်စောင်းတန်း ( မေတ္တာစောင်းတန်းဟုလည်းခေါ် ) ကြီးကို အသစ်ဆောက်ရာတွင် အပိုင်းအစများကို ဖြိုဖျက်ပစ်ကြောင်း မှတ်သားသိရှိရပါသည်။ သို့သော်တောင်ဘက်အဖျားတွင် ပေ-၂၀၀ ခန့်ရှိသော စင်္ကြံလမ်းကျန်ရှိနေပါသေးသည်။ ၎င်းကိုလည်း မြို့နယ် ပြည်သူ့ကောင်စီခေတ်က ညောင်ဦး၊ ပုဂံလမ်းဖောက်လုပ်ရာတွင် မလွတ်သဖြင့် ဖျက်ရန်အစီစဉ်ရှိပါသည်။ ၎င်းစင်္ကြံ အနီးရှိဂူကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတဥူးဇာဂရ ( ရွှေစည်းခုံစေတီတော်၊ ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်) ကရှေးဟောင်းပစ္စည်းဖြစ်သဖြင့် မဖျက်ရန်တားမြစ်ခဲ့ပါသည်။ ဆရာတော်၏ကျေးဇူးကြောင့် ၁၁-ရာစု လက်ရာစင်္ကြံကို ယနေ့ တိုင်မြင်တွေ့နေရပါသည်။ လမ်းကိုထိုနေရာ၌ ကွေ့၍ဖောက်လုပ်ထားပါသည်။ အလားတူ အနောက်ဘက်စင်္ကြံမှာလည်း မည်သည့်ခေတ်အခါကပင် ပျက်စီးခဲ့သည်ကို မသိရှိရတော့ပါ။ အနောက်ဘက်မုခ် ခြင်္သေ့ကြီး၏ အနောက်ဘက်ပေ ( ၁၀၀ )ခန့်တွင် ရှေးဟောင်းတံတိုင်း အစအနများကိုတွေ့ရပါသည်။ ၎င်းတံတိုင်း၏ အဆုံးနေရာတွင် ရှေးဟောင်းခြင်္သေ့ငယ် ( ၂ )စီးကို တွေ့ရပါသည်။ ထို ခြင်္သေ့ ( ၂ ) စီး၏ ဗိသုကာလက်ရာမှာ လွန်စွာထူးခြားပါသည်။ အနုပညာ အဆင်တန်ဆာဖြင့်ပြုလုပ်ထားခြင်းမဟုတ်ဘဲ သဘာဝခြင်္သေ့နှင့် တူစေရန်ထုလုပ်ထားပါ သဖြင့် သမိုင်းတန်ဘိုးကြီးသောရှေးဟောင်းပစ္စည်းဖြစ်ပါသည်။