ရွှေစည်းခုံစေတီတော်သမိုင်း


ပုဂံမင်းဆက် (၅၅) ဆက်ရှိသည့်အနက် (၄၂) ဆက်မြောက် အနော်ရထာ မင်းတရားကြီးက ရွှေစည်းခုံစေတီတော်ကို ကောဇာသက္ကရာဇ် (၄၂၁) ခုနှစ်၊ တပိုတွဲလဆန်း (၁၀)ရက် (၁၄-၁-၁၀၆၀) နေ့တွင်တည်ထား ကိုးကွယ်ခဲ့ပါသည်။ ပုဂံဒေသတွင် အနော်ရထာ မင်းတရားကြီးက ဘုရား၊ စေတီ (၁၅)ဆူ တည်ထားခဲ့ရာ ရွှေစည်းခုံ စေတီတော်သည် နောက်ဆုံးတည်ထားခဲ့သောစေတီ ဖြစ်သည်။

အင်းဝဆင်ဖြူရှင်မင်းတရားကြီး တင်လှူခဲ့သော ထီးတော်ဟောင်းကို ဘုံ(၇)ဆင့် ပြသာဒ်ဖြင့် အများပြည်သူကြည်ညိုလေ့လာနိုင်ရန် ပြသားထားရှိမှု


နောင်အနှစ်(၃၀)အကြာတွင် ကျန်စစ်သားမင်းကြီးက မူလစေတီကို ငုံ၍ ထပ်မံတည် ခဲ့ပါသဖြင့် နှစ်ထပ်စေတီဖြစ်ပါသည်။ ပုဂံဒေသတွင် နှစ်ထပ်စေတီ (၄၅) ဆူရှိသည့်အနက် ရွှေစည်းခုံစေတီတော်မှာ ထူးခြားပါသည်။ မူလစေတီနှင့်ထိကပ်၍ တည်ခြင်းမဟုတ်ပဲ၊ လှည်းတစ်ခွင်စာခြား၍ ငုံတည်ထားခြင်း ဖြစ်ပါသည်။ ကျန်စစ်သားမင်းကြီးက ကောဇာ သက္ကရာဇ် ၄၅၁-ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃)ရက် (၁၈-၁၀-၁၀၈၉) နေ့တွင် မူလစေတီကို ငုံ၍ တည်ခဲ့ပါသည်၊ ကောဇာသက္ကရာဇ် ၄၅၂-ခုနှစ် ကဆုန်လပြည့် (၁၅-၄-၁၀၉၀)နေ့တွင် ပြီးစီး ခဲ့ပါသည်။ ယခုလက်ရှိမြင်တွေ့ဖူးမြော်နေရသော စေတီတော်ကြီးကို (၆)လ၊ (၃)ရက်နှင့် အပြီးတည်ဆောက်ခဲ့သဖြင့် လူတစ်ရစ်၊ နတ်နှစ်ရစ် ဖြင့် တည်ဆောက် ခဲ့သည်ဟု အဆိုရှိပါသည်။ ပုဂံဒေသတွင် ကျန်စစ်သားမင်းကြီးက ဘုရား၊ စေတီ (၂၄)ဆူ တည်ထားခဲ့ရာ ရွှေစည်းခုံစေတီတော်သည် (၁၃) ဆူမြောက်စေတီ ဖြစ်ပါသည်။

ရွှေစည်းခုံစေတီတော်မြတ်ကြီးတစ်ဆူလုံးအား လှည့်လည်ဖူး‌မြော်ကြည်ညိုနိုင်ရန် လက်ဝဲ၊ လက်ယာ မြှားများကို နှိပ်ပါ


ရွှေစည်းခုံစေတီတော်တည်ထားခြင်း

အနုရုဒ္ဓ ဒေဝ အမည်ရသော အနော်ရထာမင်းတရားကြီး(၁၀၄၄-၁၀၇၇) သည် အသျှင်အရဟံ အစရှိသော ဆရာတော်၊ သံဃာတော်တို့နှင့် တို်ငပင်၍ ခပ်သိမ်းသော သတ္တဝါ တို့၏ အကျိုးစီးပွားအလို့ငှာ၊ သာသနာတော် ငါးထောင်ပတ်လုံး တည်စေလို၍ ဂန္ဓာရတိုင်းက ရရှိခဲ့သော စွယ်တော်ပွားနှင့် မြဆင်းတုတစ်ဆူ၊ ကမ်းယံပြည်ကရခဲ့သော နှဖူးသင်းကျစ် ညှပ်ရိုးတော်၊ ဒလမြို့မှ ရရှိခဲ့သော ဆံတော်ဓါတ်များကို ရတနာပန်းတောင်း အတွင်းထည့်၍ ရတနာဆင်ဖြူပေါ်ပင့်ဆောင်ပြီး အဓိဌာန်ပြု လွှတ်လေသည်။

ဆင်ဖြူတော်သည် ယခုရွှေစည်းခုံဘုရားတည်ရာ သဲစဲခုံ၌ ဝပ်လေရာ၊ သယံဇာတမြေတွင် မဝပ် ဧည့်မြေဖြစ်သော သဲစဲခုံ၌ ဝပ်ဘိ၏ဟု အနော်ရထာမင်းတရားကြီး နှလုံးမသက်မသာဖြစ်လေသည်။ ထိုအခါ သိကြားမင်းက ပုဏ္ဏားရောင် ဆောင်၍ အောင်ဆုပေးကာ မင်းကြီးအနီးသို့ချဉ်းကပ်လာပြီးလျှင် အရှင်မင်းကြီး-ဤအရပ်သည်ကား ဘုရားအလောင်းတော် ရွှေငါးကြင်း ဖြစ်စဉ်အခါ ကျင်လည်ရာ အရပ်တည်း။ မစိုးရိမ်လင့်-ဤအရပ်သည်ကား သာသနာငါးထောင်တည်လတ္တံ့၊ နှစ်သိန်းလေးသောင်း အထူရှိသော မြေကို ကျောက်အတိပြီးစေ၍ သံပြားအတိ ကွပ်ထားသည်ဖြစ်၍ မြဲမြံတည်တံ့ အရှည်ခံ့သော ထာဝရမြေပေတည်း ကြောင့်ကြဖွယ်မရှိဟု ဆိုပြီးလျှင် ကွယ်ပျောက်သွားလေသည်၊ ထိုအခါ မင်းကြီးလည်း အလွန်ဝမ်းမြောက်သည်ဖြစ်၍ သက္ကရာဇ်(၄၂၁)ခုနှစ် တပိုတွဲလဆန်း (၁၀)ရက်၊ ကြာသပတေးနေ့၌ ရွှေစည်းခုံစေတီတော်ကြီးကိုတည်လေ၏။

သီတင်းကြီးစေတီ

ပထမသပိတ်

ရွှေသက်စိုးနတ်

အရှေ့တောင်ထောင့် ခြင်္သေ့ကြီး


ထိုသို့ ရွှေစေတီငယ်ကိုတည်စဉ်အခါ အနော်ရထာမင်းကြီးကစဉ်းစား သည်မှာ ငါသည် တရုတ်ပြည်ကစွယ်တော်မြတ်ကို တောင်းပါသော်လည်းမရချေ၊ သီဟိုဠ်ကျွန်းကစွယ်တော် ကိုရ၍ ဤစေတီတွင် ဌာပနာရသည်ရှိသော် သာသနာ ငါးထောင်တို်ငတို်င ခပ်သိမ်းသော သတ္တဝါ အပေါင်းတို့အား အကျိုးများစွာ ဖြစ်လတ္တံ။ သို့ဖြစ်၍ အသျှင်အရဟံထေရ်ဦးဆောင်၍ ကျန်စစ်သားအပါအဝင် သူရဲကောင်း (၄)ယောက်တို့ကို သီဟိုဠ်ကျွန်းသို့ စွယ်တော်ပင့်ရန် စေလွှတ်ခဲ့သည်။ သီဟိုဠ်ဘုရင် ဓာတုသေနမင်းကြီးက ရှေးရှေးက ဘေးလောင်းတော်၊ ဘိုးလောင်းတော်မင်းအပေါင်းသည် ဘုန်းတန်းခိုးကြီးလှသော်လည်း ဆင်ဖြူရတနာ ရသည်ဟုမကြားဘူး၊ ယခုကားငါ၏ဘုန်းတန်းခိုးကြောင့် တို်ငးတပါးဘုရင် အနော်ရထာ ပေးပို့လာသော ဆင်ဖြူရတနာကိုရပေ၏ဟု လွန်စွာဝမ်းမြောက် ပေသည်။ သို့ဖြစ်၍ ငါ့အဆွေ အနော်ရထာမင်းကြီး ပူဇော်လိုသည့်စွယ်တော်မြတ်ကို တစ်ဆူပွား၍ အရိမဒ္ဒနပုဂါရာမ ပြည်သို့ကြွတော်မူရန် လျှောက်ထား တောင်းပန်လေ၏ စွယ်တော်ပွားနှင့် မူလစွယ်တော် တို့သည် အမှန်အကန် မသိဖြစ် နေသဖြင့် နောက်ပွားစွယ်တော်တို့သည် ငါ၏ဦးခေါင်းရတနာ ထက်သို့ ကြွပါစေသား ဟု အဓိဌာန်သဖြင့် စွယ်တော်ပွားသည် မင်းကြီး၏ ဦးခေါင်းထက်တွင် ကိန်းဝပ် တော်မူလေသည် အနော်ရထာမင်းကြီးသည် သီဟိုဠ်ကျွန်းကရရှိသော စွယ်တော် ပွားကို ရတနာဆင်ဖြူထက်သို့ ရတနာပြဿဒ်နှင့်တကွ တင်ပြီးသော် ကိန်းဝပ် တော်မူလိုသောအရပ်၌ ဆင်ဖြူတော်ဝပ်စေဟု အဓိဌာန်၍ လွှတ်လေရာ ရွှေစည်းခုံ သို့တက်၍ ဝပ်လေသည်။ ထိုစွယ်တော်ပွားကို ရွှေစည်းခုံ၌ ဌာပနာလေသည်။ သံတောင်ငါးတောင် ပမာဏရှိသော အတွင်းစေတီပြီး၍ ဘုံခုနှစ်ဆင့်ရှိသော ရတနာရွှေထီးတော်တင်ပြီးလျှင်၊ စေတီတော်ကြီးအပြီးသို့ မရောက်မှီ အနော်ရထာမင်းကြီး နတ်ရွာစံသည်။

ဆုတောင်းပြည်ဆင်းတု

ပြသိင်္ဂီနတ်သမီး

အဖရွှေညိုသင်းနတ်

ပွဲစားကြီးနတ်


ကျန်စစ်သားမင်းကြီး မင်းဖြစ်ပြီး (၄)နှစ်အကြာ အသျှင်အရဟံထေရ်က “မင်းကြီးသည် အနော်ရထာမင်းကြီး၏ အမွေကို ဆက်ခံသူ ဖြစ်၏ အနော်ရထာမင်းကြီးတည်ထားသည့် ရွှေစည်းခုံစေတီမှာ ငယ်တုံသေး၏ မူလရည်ရွယ်ခဲ့သည့်အတိုင်း လုပ်ဆောင်ပါရန်” မိန့်ကြားပါသည်။ ကျန်စစ်သားမင်းကြီးက အရှင့်ကောင်းမှုတော်ကို ဆက်လက်တည်ထား ပါမည်ဟု လျှောက်ထားပါသည်။ မူလရွှေစေတီကိုငုံ၍ ယခုဖူးမြော်တွေ့ရှိရသော စေတီတော်ကြီး ကိုတည်ထားခဲ့ပါသည်။ မူလစေတီကို ထိကပ်၍ တည်ခြင်းမဟုတ်ပဲ လှည်းတစ်ခွင်စာ ခွါ၍ တည်ထားခဲ့ပါသည်။ စတင်တည်ဆောက်စဉ်က မြစ်ခြေ (ယခု ပခုက္ကူမြို့နယ်၊ ပုဂံ၏ မြစ်တစ်ဖက်ကမ်း) အောင်သာ ဘက်က အုဌ်များဖြင့် စီစေရာ ထိကပ်မှုအားနည်းသဖြင့် ပြိုပျက်လေသည်။ ယင်းသို့ဖြစ်ရခြင်းအပေါ် မင်းကြီးလည်း နှလုံးမသက်မသာ ရှိလေသည် ထိုအခါ သကြားမင်းက “မင်းကြီး မကြောင့်ကြလင့်၊ ကျောက်တုံးနှင့် နွားနို့သစ်ကို သရွတ်ဖျော်၍ ကျောက်အုဌ် စီခင်းရသည်ရှိသော် အနှစ် (၅၀၀၀) တည်လတ္တံ့” ဟု အိမ်မက်လာပေးသည်။ ထိုအခါမှစ၍ နိုင်ငံတော်အတွင်း မှ နို့ညစ်နွားမများ ဝယ်ယူ၍ နို့ညစ်စေရာ တစ်နေ့လျှင် အိုးစရီး(၁၀၀၀) ရသည်ဟူ၏။ သိကြားမင်းသည်လည်း ပန်းရံဆရာကြီးအယောင်ဆောင်လျက် အလျား(၃)ထွာ၊ အနံ (၁)ထွာ ပမာဏရှိသော ကျောက်အုဌ်တို့ကို ရွေးခြမ်းပေးလေ၏ ကျောက်အုဌ်တို့ကို တုရင်းတောင် (ညောင်ဦးမြို့တောင်ဘက် ၇မိုင် အကွာတွင်ရှိ) မှ လက်ဆင့်ကမ်းသယ်ယူ တည်ဆောက် ခဲ့ပါသည်။ အသူရာနတ်များက ဟိမဝန္တာတောင်မှ စန္ဒကူးနံ့သာ နှစ်တို့ကို မီးသွေးဖုတ်၊ ဘုမ္မဇို်ငးနတ်တို့က သမုဒ္ဒရာမှ ပုလဲစစ်ကိုဆောင်၍ ထုံးမှုန့်ဖုတ်၊ နဂါးတို့က နွားနို့၊ မီးသွေး၊ထုံး တို့ဖြင့် သရွက်ဖျော်၊ ဇဝနနတ်တို့က လူတို့ကို ကြီးကြပ်၊ ဝိသကြုံနတ်က တောင်တာပိုင်းခြား၊ မာတလိနတ်သားစီမံ၊ လောကပါလနတ်မင်းကြီး(၄)ပါးက စောင့်ရှောက်၍ လူတစ်ရစ်၊ နတ်နှစ်ရစ် တည်ခဲ့ပါသည်။

မွန်ဘာသာဖြင့် ရေးထိုးထားသော ကျန်စစ်သားမင်းကြီး၏ အတ္ထုပတ္တိဘဝဖြစ်စဉ် ကျောက်စာ


အနော်ရထာမင်းကြီးက စေတီတော်ကို အလျား-အလံ(၈၀)၊ အနံ-အလံ(၈၀) အစောက်(အမြင့်) အလံ-၈၀ တည်ရန် ရည်ရွယ်ခဲ့ပါသည်။ ယင်းအတိုင်းအတာမှာ လွန်စွာကြီးပါသည်။ သို့ဖြစ်ပါ၍ အလျား-အတောင်(၈၀)၊ အနံ-အတောင်(၈၀) အစောက် (အမြင့်) အလံ-၈၀ တည်ဆောက်ခဲ့ပါသည်။ သံတောင်ဆိုရာမှာ ယခုခေတ် ပေကြိုး နှင့်တိုင်းသော် ပေ(၁၆၀) ရှိပါသည်။ အစောက်သံတောင်(၁၀) တောင်တူး၍ ကျန်စစ်သား မင်းကြီးကိုယ်တို်င ရွှေအုဌ်ဖြင့် အုဌ်မြစ်ချလေသည်။ ရွှေအုဌ်၊ ငွေအုဌ်၊ ကြေးအုဌ်၊ သံအုဌ် နဂါးရာဇ်အုဌ် စုစုပေါင်းထုငါးထောင်အထက်၌ တုရင်းတောင်မှ သယ်ယူလာသော ကျောက်အုဌ်တို့ကို အုဌ်ချင်းပွတ်၍ ဆံခြည်မျှင်မျှ ထိုးမပေါက်နိုင်အောင် ခင်းကြရသည်။ လူမင်း၊ နတ်မင်း ပြည်သူပြည်သားတို့ပူဇော်ကြသော၊ အထူးထူးသောရတနာတို့နှင့် ဓါတ်တော်တို့ကို အပြည့်အနှက်ဖြန့်ကြဲလျှက် ဌာပနာသွင်း ပူဇော်ခဲ့ပါသည်။တာဝတိံသာနတ် ပြည်မှ စူဠာမဏီစေတီတော်နှင့်တူအောင် စီရင်အားထုတ်ခဲ့ပါသည်။ ဇမ္ဗောနဒရွှေဖြင့်ပြီးသော ဘုံကိုးဆင့်ရှိသော ရွှေထီးတော် တင်လေသည်။ စေတီတော်ကြီးအား သက္ကရာဇ် (၄၅၁)ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃)ရက်တွင် စတင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် (၄၅၂) ခုနှစ် ကဆုန်လပြည့်နေ့ တွင်ပြီးသည်။ ကာလအားဖြင့် (၆)လ (၃)ရက်သာ ကြာမြင့်ပါသည်။