သင်ဘုဇ်ပလ္လင်ပွဲတော်သမိုင်းအကျဉ်း

ရွှေစည်းခုံစေတီတော်ကြီးအား တည်ထားကိုးကွယ်ပြီးနောက် သာသနာ(၅၀၀၀)တည်သည်အထိ ထိန်းသိမ်းစောင့်ရှောက်သွားရန် ကျန်စစ်မင်းကြီးရည်သန်တော်မူမိလေသည်မှာ ဘုရားကြီး၌ ဆွမ်းဝတ်အတွက် လစာရိက္ခာပေး၍ အစောင့်အရှောက်ထားသော် တစ်ခေတ်(နှစ်)ခေတ်မျှ သာမြဲလတ္တံ။ ဝတ္ထုကံမိုး မြေလှူ၍ထားသော် သုံး(လေး)ခေတ်ခန့်သာ တည်ရာ၏။ အမြဲသော်မတည်ခဲ့လေရာ ငါသည်သပိတ်ကြီး(တစ်)လုံးကို တည်ခဲ့မူကား ငါ့ကိုလေးစားသောအား ဘုရားကြီးကိုကြည်ညိုသဖြင့် သစ်သီးဦး၊ ပန်းဦး၊ ဆွမ်းဦးတို့ကို ဒုမင်္ဂလ၊ သုမင်္ဂလ သာရေး၊နာရေးမှစ၍ တရပ်တကြေးအဝေးရပ်ရွာသို့ သွားသောအခါ အဝေးရပ်ရွာများမှ မိဘရပ်ထံသို့ ပြန်လာသောအခါများတွင် ရွှေသပိတ်သွပ်ကြလိမ့်မည်။ ရွှေသပိတ်ကိုမှီ၍နေကုန်ရသော အရံအစောင့်တို့သည်လည်း ကြာရှည်တည်တံ့နိုင်ရာ၏ဟု နှလုံးပိုက်မိတော်မူသဖြင့် သပိတ်ကြီးကို အဦးအစတည်လုပ်တော်မူသည်။ ဤသို့လျှင် ဦးစွာပထမဆုံး တည်လုပ်အပ်သောကြောင့် “ပထမသပိတ်ကြီး” ခေါ်သမုတ်ကြသည်။ ပထမသပိတ်ကြီးတည်လုပ်ခဲ့သော နေ့မှစ၍ ပွဲစုံကျင်းကာ ကောင်းမွန်သောအစား(အစာ) သံဘောဇနသဒ္ဒါကို ထောက်၍ သင်ဘုဇ်ပွဲများကျင်းပခဲ့သော အစဉ်အလာအတိုင်း ယခုထိအောင် သီတင်းကျွတ်လဆန်း(၅)ရက် နေ့တွင် နှစ်စဉ်နှစ်တိုင်း သင်ဘုဇ်ပွဲများ ဆက်လက်ကျင်းပပူဇော်မြဲဖြစ်ခဲ့ပါသည်။

သင်ပုတ်တင်သည်ဆိုသည်မှာ ပါဋိစကားဖြစ်ပြီး မြန်မာဘာသာဖြင့် ဆွမ်းတော်တင်သည်ဟု ခေါ်ပါသည်။ သို့ဖြစ်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော သင်ပုဇ်ပလ္လင်ပွဲတော်သည် ရွှေစည်းခုံစေတီတော်ကြီး၏ သမိုင်းဖြင့် ယှဉ်တွဲဖြစ်ပေါ်လာသော ပွဲတော်တစ်ရပ်ဖြစ်ပါသည်။  ၎င်းပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လဆန်း (၄/၅)ရက်များတွင် ကျင်းပမြဲဖြစ်ပါသည်။  သီတင်းကျွတ်လဆန်း (၄)ရက်နေ့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့်  ဝန်ထမ်းများ၊ ဘုရားစောင်းတန်းဈေးသူဈေးသားများ၊ မဏိစည်သူဈေးသူဈေးသားများ၊ မြို့ပေါ်ရှိ  အမှတ်(၁)မှအမှတ်(၇) ပြည်သူပြည်သားများ အထူးသဖြင့် အမှတ်(၄/၅)ရပ်ကွက်ပြည်သူပြည်သားများက စုပေါင်း၍ မြို့တွင်း၌ဆွမ်းတော်တင်ပစ္စည်းများကို ခမ်းနားစွာလှည့်လည်အပူဇော်ခံပြီး နောက်နေ့တွင် စေတီတော်ကြီးအား ကပ်လှူပူဇော်ပါသည်။ သီတင်းကျွတ်လဆန်း(၅)ရက်နေ့ နံနက်အချိန်တွင် ဩဝါဒစရိယ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပြီး ဆရာတော်ကြီးများထံမှ (၅)ပါးသီလခံယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်ချအမျှဝေ မင်္ဂလာအခမ်းအနားကို ကျင်းပပါသည်။